မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဆာအဲလက်ဖာဂူဆန်က အင်္ဂလန်ပရီမီယာလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံး ၄ သင်းစာရင်းကိုဝင်နိုင်တဲ့အသင်းတွေ ပိုများလာတာကြောင့် မန်ချက်စတာယူနိုက်တက်အသင်း နဲ့ ချန်ပီယံဖြစ်နိုင်ချေရှိတဲ့အသင်းတွေဟာ ဒီနှစ်မှာ ပိုပြီးတော့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်လာနေရတယ်လို့ ပြောလိုက်ပါတယ်။

အမှတ်ပေးချန်ပီယံဖြစ်နိုင်ချေရှိတဲ့အသင်းတွေ အတော်များများပေါ်ထွက်လာတာက ၊ အမှတ်ပေးပြိုင်ပွဲတခုလုံးရဲ့ ပုံစံကို ပြောင်းသွားစေတယ်လို့ ဖာဂူဆန်က ပြောပါတယ်။ “ ထိပ်ဆုံး ၄ သင်းဟာ အတော်လေးကို ခက်ခက်ခဲခဲကစားနေရပြီးတော့ ၊ မထင်ထားတဲ့ ပွဲတွေမှာ အမှတ်တွေလျော့ကုန်တယ်ပါတယ်။ ဒါဟာ တခြားအသင်းတွေ တိုးတက်လာတယ်ဆိုတဲ့ လက္ခဏာတွေဖြစ်ပြီးတော့၊ ဒီရာသီမှာလည်း ထိပ်ဆုံး ၄ နေရာအတွက် အတော်လေးကို ခက်ခက်ခဲခဲ ကစားရလိမ့်မယ်လို့ ကျနော်ထင်ပါတယ် ”

ဒါ့အပြင် “ အသင်းကြီးတွေအားလုံးအနေနဲ့ အက်စ်တွန်ဗီလာ၊ အဲဗာတန်၊ တော့တင်ဟမ် နဲ့ မန်ချက်စတာ စီးတီး တို့လို အသင်းတွေကို သတိထားရမှာဖြစ်ပြီးတော့၊ အဲဒီအသင်းတွေအားလုံးဟာ ထိပ်ဆုံး ၄ သင်းထဲကို ၀င်နိုင်တဲ့အသင်းတွေပါ ” လို့ ဖာဂူဆန်က ပြောလိုက်ပါတယ်။