This slideshow requires JavaScript.

၂၀၁၀-၂၀၁၁ အင်္ဂလန်ပရီမီယားလိဂ်ရာသီကြို ကွန်မြူနတီဒိုင်းဘောလုံးပြိုင်ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းက ချယ်ဆီးအသင်းကို ၃ ဂိုး ၁ ဂိုး နဲ့ နိုင်သွားခဲ့ပါတယ်။ မန်ယူအသင်းအတွက် ဂိုးတွေကိုတော့ ဗလန်စီယာ၊ ဟာနန်းဒက်စ် နဲ့ ဘာဘတော့ဗ်တို့က သွင်းယူခဲ့ပြီးတော့၊ ချယ်ဆီးအသင်းအတွက်ဂိုးကိုတော့ ဆယ်လ်မွန်ကလူးက သွင်းခဲ့တာပါ။ ဒီပွဲမှာ ၂ သင်းစလုံးဟာ လူအင်အားအပြည့်နီးပါးထည့် ကစားသွားခဲ့သလို၊ ဒဏ်ရာသက်သာလာပြီဖြစ်တဲ့ မန်ယူတိုက်စစ်မှူးအိုဝင် နဲ့ ချယ်ဆီးအလယ်တန်းလူ မိုက်ကယ်အက်ဆီးယန် တို့ ပါဝင်ကစားသွားခဲ့ကြပါတယ်။

ချယ်ဆီးအသင်းဟာ ပွဲအစပိုင်းမှာ မန်ယူအသင်းကို ဖိအားပေးကစားသွားခဲ့ပြီး၊ မန်ယူအသင်းကတော့ တန်ပြန်တိုက်စစ်နဲ့ပဲ ပြန်ပြီးထိုးဖောက်သွားခဲ့ပါတယ်။ ပထမပိုင်း ၄၁ မိနစ်မှာ ကွင်းလယ်ကနေ ပေါလ်စခိုးလ် ညာတောင်ပံကို ကန်တင်ပေးလိုက်တဲ့ဘောလုံးကို ၀ိန်းရူနီက ဂိုး ရှေ့ကို ပြန်ချပေးလိုက်တာမှာ ဗလန်စီယာက ညာဝင်းကနေ ကန်လန့်ဖြတ်ပြေးဝင်ပြီးတော့ ပိတ်သွင်းခဲ့လို့ မန်ယူအသင်း အဖွင့်ဂိုးရခဲ့ပါတယ်။

ဒီ ဂိုးဟာ ကွင်းလယ်ကစားသမား ပေါလ်စခိုးလ်ရဲ့ အကွက်မြင်၊ ပါးနပ်မှု နဲ့ ရူနီ နဲ့ ဗလန်စီယာတို့ရဲ့ နားလည်မှုတွေကြောင့် ဂိုးရခဲ့တာပါ။ ဒုတိယဂိုးကိုတော့ ၇၅ မိနစ်မှာ ဗလန်စီယာ ညာဝင်းကနေထိုးပေးတာကို၊ ဟာနန်းဒက်စ်က ပိတ်သွင်းခဲ့တာပါ။ ဒီပွဲမှာ ချယ်ဆီးနောက်တန်းဟာ မန်ယူတိုက်စစ်ကို မထိန်းနိုင်ပဲဖြစ်ခဲ့ပါတယ်။ အထူးသဖြင့်  ချယ်ဆီးဘယ်နောက်ခံလူ အက်ရှ်လေကိုလ်းဟာ မန်ယူအသင်းက ဗလန်စီယာကိုမထိန်းနိုင်သလို၊ ဂျွန်တယ်ရီဟာလည်း အကောင်းဆုံးအနေအထားမှာမရှိပဲဖြစ်နေပါတယ်။

နောက်ပိုင်းမှာ ဆယ်လ်မွန်ကလူးက ချယ်ဆီးအသင်းအတွက်  ချေပဂိုး ၁ ဂိုး သွင်းခဲ့ပေမယ့်၊ ဒဏ်ရာရအချိန်ပို ၂ မိနစ်မှာ မန်ယူတိုက်စစ်မှူး ဘာဘတော့ဗ်က ၁ ဂိုး ထပ်သွင်းလို့ ပွဲအပြီးမှာ ၃ ဂိုး ၁ ဂိုး နဲ့ နိုင်သွားခဲ့ပါတယ်။

မန်ယူအသင်း အနိုင်ရသွားတဲ့အပေါ်မှာတော့  မန်ယူနောက်ခံလူ Chris Smalling ကတော့  “ကျနော်တို့ ဒီနေ့ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ခြုံပြီး ပြောရရင်၊ ကျနော်တို့ ကစားတာ တဖြည်းဖြည်းပိုကောင်းလာပြီး၊ ဒုတိယဂိုးရလိုက်တာကလည်း ပွဲကို ထိန်းထားနိုင်စေခဲ့ပါတယ်”

ချယ်ဆီးနည်းပြ အန်ဆလော့တီကတော့ “ကျနော်တို့ကစားသမားတွေအကုန်လုံး အနားယူတဲ့အချိန်ကနေ ပြန်ရောက် တချိန်စီဖြစ်နေတာကြောင့် လေ့ကျင့်မှု လုပ်ရတာအရမ်းကိုခက်ခဲပါတယ်။ အခုချိန်ထိတော့ မဆိုးပါဘူး။ ဒါပေမယ့် ကစားတာကိုတော့ ကျနော်တို့ နည်းနည်းပြောင်းဖို့လိုပါတယ်။ ပထမပိုင်းမှာ ကျနော်တို့ကစားတာအရမ်းနှေးပြီးတော့၊ မန်ချက်စတာယူနိုက်တက်အသင်းက ဒါကို အသုံးချနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်တို့ဟာ အသင်းကောင်းတသင်း နဲ့ ကစားခဲ့ရပြီးတော့၊ အခုချိန်မှာ သူတို့က ကျနော်တို့ထက်သာပါတယ်”

၂၀၁၀-၁၁ ပရီမီးယာလိဂ်ပြိုင်ပွဲတွေကို လာမယ့် ၁၄ ရက်နေ့ စနေနေ့မှာ စတင်တော့မှာဖြစ်ပြီး၊ ချယ်ဆီးအသင်းက ပရီမီယာလိဂ် ချန်ပီယံဆုကို ဆက်ထိန်းထားနိုင်ဖို့အတွက် ကြိုးပမ်းရမှာဖြစ်သလို၊ မန်ယူအသင်းကလည်း သူတို့ဆီကနေ လုယူသွားတဲ့ ချန်ပီယံဖလား ကို ချယ်ဆီးအသင်းဆီကနေ ပြန်ရဖို့အတွက် ၊ တခြားအသင်းတွေနဲ့အတူ အပြိုင်လုရမှာ ဖြစ်ပါတယ်။