ဝင်ဘလေ (Wembley) မှာ ကစားသွားတဲ့ နိုင်ငံတကာ ချစ်ကြည်ရေး ခြေစမ်းပွဲမှာ အင်္ဂလန်အသင်းက ဟန်ဂေရီ အသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ နိုင်သွားခဲ့ပါတယ်။ အင်္ဂလန်အသင်းအတွက် ၂ ဂိုးစလုံးကို စတီဗင် ဂျာရာ (Steven Gerrard) က သွင်းခဲ့တာပါ။

အင်္ဂလန်အသင်းဟာ ဒီပွဲမှာ ကမ္ဘာ့ဖလားပွဲကို လိုက်ပါသွားတဲ့ ကစားသမား ၈ ယောက်ကို ပွဲအစမှာ ထည့်သွင်းကစားသွားပြီးတော့၊ အသစ်တွေထဲက အဒမ်ဂျွန်ဆင်၊ သီယိုဝေါလ်ကော့ နဲ့ ဖီးလ် ဂျာဂီယဲလ်ကာ တို့ ၀င်ကစားသွားခဲ့ပါတယ်။

ပထမပိုင်းမှာ ၂ သင်းစလုံး ဂိုးမသွင်းနိုင်ပဲ သရေ ကျခဲ့ပြီး၊ ဒုတိယပိုင်းပြန်စလို့ ၆၂ မိနစ်မှာ အင်္ဂလန်နောက်တန်းက Phil Jagielka ကိုယ့်ဂိုးကိုယ်သွင်းခဲ့လို့ ဟန်ဂေရီအသင်းက ဦးဆောင်ခဲ့ပါတယ်။ ဒီ ဂိုးကြောင့် အင်္ဂလန်အသင်းဟာ ပရိသတ်တွေရဲ့ အော်ဟစ်လှောင်ပြောင်တာတွေခံရပြီးတော့၊ ဖိအားတွေ ပိုပြီးတော့ များလာခဲ့ပါတယ်။

အင်္ဂလန်အသင်းအတွက် ချေပဂိုးကိုတော့ ၆၉ မိနစ်မှာ စတီဗင်ဂျရာက ပယ်နယ်တီဧရိယာအပြင်ဘက်ကနေ ကန်သွင်းခဲ့လို့ ချေပဂိုးရသွားခဲ့ပါတယ်။ အင်္ဂလန်အသင်းအတွက် အနိုင်ဂိုးကိုတော့ ၇၃ မိနစ်မှာ စတီဗင် ဂျရာ ကပဲ ဟန်ဂေရီနောက်တန်းလူတွေကို လိမ်ပြီး အနီးကပ်သွင်းယူခဲ့တာပါ။