ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်က ဒေးဗစ်ဘက်ခမ် အင်္ဂလန်အသင်းအတွက် ကစားပေးခဲ့တာတွေအပေါ်မှာ ချီးကျူးပြောကြားလိုက်ပါတယ်။

အင်္ဂလန်နည်းပြ ဖယ်ဘီယို ကာပယ်လိုက ၂၀၁၂ ခုနှစ် ဥရောပဖလားခြေစစ်ပွဲတွေအတွက် နာမည်ကျော် အင်္ဂလန်ကစားသမား ဒေးဗစ်ဘက်ခမ်း (David Beckham) ကို အင်္ဂလန်အသင်းအတွက် ရွေးချယ်တော့မှာမဟုတ်ဘူးလို့ ပြောလိုက်ပြီးတဲ့နောက် သူက အခုလို ပြောဆိုလိုက်တာပါ။

“ အားကစားမှာ အလွန်ကို စံပြအတုယူလောက်တဲ့ ပုဂ္ဂိုလ်လို့ ကျနော်ထင်တဲ့လူတစ်ယောက်ကို ဂုဏ်ပြု ပြောဆိုဖို့အတွက် အခွင့်အရေးကို ကျနော်အနေနဲ့ ယူလိုက်ချင်တာပါ။ ကျနော်တို့အားလုံး သူ့ရဲ့ အလွန်ကောင်းတဲ့ ဖရီးကစ်ကန်ချက်တွေ နဲ့ သူတာဝန်ယူပြီး ဦးဆောင်ကစားသွားပေးခဲ့တဲ့အရေးကြီးတဲ့အချိန်တွေကို ကျနော်တို့ အားလုံး သတိရနေကြမှာပါ။ ”

“ အင်္ဂလန်အသင်းအတွက် သူ နောက်ထပ် မကစားတော့မှာ မဟုတ်တဲ့အတွက် လူတွေအတော်များများ ၀မ်းနည်းနေမယ်ဆိုတာ ကျနော်ကျိန်းသေပြောရဲပါတယ်။  ဒါပေမဲ့ ၀န်ကြီးချုပ်ရာထူးကို တာဝန်ယူခဲ့တဲ့ ပထမ ၃ လအတွင်းမှာပဲ ကျနော် တချို့ဟာတွေကို လေ့လာခဲ့ရပါတယ်။ အဲဒီထဲကတခုက အင်္ဂလန်အသင်းကို နည်းပြအဖြစ်ကိုင်တွယ်ဖို့ နည်းပြကိုခွင့်ပေးရမှာဖြစ်ပါတယ်။ သူ့အနေနဲ့လည်း ကျနော်ကို တိုင်းပြည်ကို ဦးဆောင်ဖို့ ခွင့်ပေးလိမ့်မယ်လို့ ထင်ပါတယ်။ ”

အင်္ဂလန်နည်းပြ ကာပယ်လိုက အသက် ၃၅ နှစ်အရွယ်ရှိတဲ့ ဒေးဗစ်ဘက်ခမ်းဟာ အင်္ဂလန်အသင်းအတွက် အသက်ကြီးလွန်နေပြီဖြစ်တာကြောင့် သူ့အနေနဲ့ ဒေးဗစ်ဘက်ခမ်းကို ယူရို ၂၀၁၂ ခြေစစ်ပွဲတွေအတွက် ထည့်သွင်းရွေးချယ်တော့မှာမဟုတ်ဘူးလို့ ဟန်ဂေရီ နဲ့ ပွဲမတိုင်ခင်မှာ ပြောကြားခဲ့ပါတယ်။

အင်္ဂလန် နည်းပြ ကာပယ်လိုကတော့ ဒေးဗစ်ဘက်ခမ်းကို အင်္ဂလန်အသင်းအတွက် နောက်ဆုံးပွဲ တစ်ပွဲပေးကစားပြီးတော့ နှုတ်ဆက်ပွဲလုပ်မယ်လို့ ဆိုပါတယ်။ လာမယ့် နိုဝင်ဘာလမှာ ကစားဖို့ စီစဉ်နေတဲ့ ပြင်သစ်နဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲမှာ ဒေးဗစ်ဘက်ခမ်းကို နောက်ဆုံးနှုတ်ဆက်ပွဲအဖြစ် ကစားခွင့်ပေးမှာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ အင်္ဂလန်အသင်းအတွက် ဒေးဗစ်ဘက်ခမ်းကစားပေးတဲ့ ၁၁၆ ပွဲမြောက် ဖြစ်လာမှာပါ။