ဖီဖာ (FIFA) ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဆပ်ဘလတ္တာ (Sepp Blatter) က စပိန်လာလီဂါဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးပြိုင်ပွဲဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ဖီဖာက ရွေးချယ်တဲ့ ၂၀၁၀ခုနှစ် နေရာအလိုက် အကောင်းဆုံးကစားသမား ၁၁ ယောက် စာရင်းမှာ စပိန်လာလီဂါမှာ ကစားတဲ့ ကစားသမား ၈ ယောက်ပါဝင်ပြီး၊ အီတလီ စီးရီးအေက ကစားသမား ၃ ယောက် ပါဝင်ပါတယ်။

မစ္စတာ ဘလတ္တာက – ဒီအချက်ကို ကြည့်မယ်ဆိုရင် လာလီဂါဟာ ကမ္ဘာပေါ်က အကောင်းဆုံး လိဂ်ဖြစ်တယ်လို့ ဆိုပါတယ်။ အင်္ဂလန် ပရီမီယာလိဂ်ကတော့ ဈေးကွက်အရတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံးလိဂ်ဖြစ်တယ်လို့ ဆိုပါတယ်။ ပရီမီယာလိဂ်ဟာ ကောင်းပါတယ်။ ကစားသမားကောင်းတွေလည်းရှိပါတယ်။ ဒါပေမဲ့ ကမ္ဘာ့အကောင်းဆုံး ၁၁ ယောက်ထဲမှာ ၁ ယောက်မှ မပါဘူးဆိုရင်တော့ ၊ တခုခုကို ပြောင်းလဲပြီး ကျင့်သုံးသင့် မသင့်ဆိုတာကို သူတို့အနေနဲ့ စဉ်းစားဖို့လိုပါတယ်။

လာလီဂါ ကစားသမား ၈ ယောက်မှာ – ဘာစီလိုနာအသင်း နောက်တန်းလူ ဂျရာပီကေ၊ ကားလို့စ် ပူယိုးလ်၊ အလယ်တန်းကစားသမား ရှာဗီ၊ အန်ဒရေ အီနီယက်စ်တာ နဲ့ ရှေ့တန်းလူ လီယိုနယ်လ်မက်ဆီး နဲ့ ဒါဗစ် ဗီယာတို့ပါဝင်ပြီး၊ ရီးယဲလ်မက်ဒရစ် အသင်းက ဂိုးသမား အီကာ ကာဆီးယက်စ် နဲ့ တောင်ပံတိုက်စစ်မှူး ခရစ္စတီယာနို ရိုနာလ်ဒို တို့ ပါဝင်ပါတယ်။

အီတလီစီးရီးအေကတော့ ပြီးခဲတဲ့ နှစ် ဘောလုံးရာသီက ဥရောပချန်ပီယံဖြစ်သွားတဲ့ အင်တာမီလန်ကစားသမား မိုင်ကွန်၊ လူစီယို နဲ့ ရှနိုက်ဒါးတို့ ပါဝင်ပါတယ်။