ကာတာနိုင်ငံရဲ့ ပူပြင်းတဲ့ရာသီဥတု နဲ့ တိုင်းပြည်အရွယ်အစားသေးတာတွေကြောင့်၊ ကမ္ဘာ့ဖလားပြိုင်ပွဲကို တခြားအိမ်နီးချင်းနိုင်ငံတွေနဲ့အတူတွဲပြီး၊ ဆောင်းရာသီမှာ ပြောင်းလဲကျင်းပသင့်တယ်လို့ အကြံပေးချက်တွေကို  ကာတာနိုင်ငံဖွား အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဌ မိုဟာမက် ဘင်ဟာမန်း က လက်မခံဘဲ ပယ်ချလိုက်ပါတယ်။

အသက် ၅၁ နှစ်အရွယ် မစ္စတာ ဘင်ဟာမန်းက – ကာတာနိုင်ငံအနေနဲ့ စိန်ခေါ်မှုတွေအားလုံးကို ရင်ဆိုင်သွားဖို့ အဆင်သင့်ဖြစ်နေပြီး၊ ကမ္ဘာ့ဖလားကို ကျင်းပနေကြ  –  ဇွန် နဲ့ ဇူလိုင်လ တွေကနေ တပတ်ကျော်ပြီး ကျင်းပဖို့တောင် ကာတာနိုင်ငံက စိတ်မ၀င်စားဘူးလို့  Sky သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ကာတာနိုင်ငံရဲ့ ပူပြင်းလှတဲ့ နွေရာသီအပူချိန် ကို ရှောင်ရှားနိုင်ဖို့အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆောင်းတွင်းမှာ ပြောင်းလဲကျင်းပဖို့မျှော်လင့်တယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဆပ်ဘလတ္တာ က သတင်းထောက်တွေကို ပြီးခဲ့တဲ့ သီတင်းပတ်က ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း၊ ကာတာဘောလုံးအဖွဲ့ချုပ်က အချိန်ပြောင်းဖို့ မတောင်းဆိုရင်တော့၊ သူတို့အနေနဲ့ ဘာမှ လုပ်နိုင်မှာမဟုတ်ဘူးလို့ မစ္စတာ ဘလတ္တာ က ပြောပါတယ်။

ကာတာနိုင်ငံဟာ ပါရှန်ပင်လယ်ကွေ့ထဲက အိမ်နီးချင်းနိုင်ငံတွေနဲ့ အတူတွဲပြီး ကမ္ဘာ့ဖလားကို ကျင်းပကောင်းကျင်းပနိုင်တယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဌ မီချဲလ် ပလာတီနီ က အခုသီတင်းပတ်မှာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဒီအယူအဆကို မစ္စတာ ဘင်ဟာမန်း က လက်မခံဘဲ၊ ကာတာနိုင်ငံအနေနဲ့ ကမ္ဘာ့ဖလားပွဲကို တနိုင်ငံတည်း ကျင်းပသွားနိုင်တယ်လို့ ပြောလိုက်ပါတယ်။