အိုးလ်ထရက်ဖို့ဒ် (Old Trafford) မှာ စနေနေ့က ကစားသွားတဲ့ အင်္ဂလန်ပရီမီယာလိဂ်ပွဲမှာတော့ မန်ချက်စတာယူနိုက်တက် (Manchester United) က ဘာမင်ဟမ်စီးတီး (Birmingham City) ကို ၅ ဂိုး ဂိုးမရှိ နဲ့ နိုင်သွားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေက ဘာမင်ဟမ်မှာ ကစားသွားတဲ့ပွဲမှာ ပွဲပြီးခါနီးမှာ ချေပဂိုးပေးလိုက်ရပြီး သရေကျသွားတာကြောင့် ၂ မှတ် နစ်နာခဲ့တဲ့အတွက် မန်ယူဟာ ရှေ့တန်းမှာ ဘာဘာတော့ဗ် နဲ့ ရူနီတို့ကို ထားပြီး၊ ဂစ်စ် နဲ့ နာနီးတို့က တောင်ပံကနေကစားပြီး ၄-၄-၂ ပုံစံနဲ့ ကစားသွားပါတယ်။

မန်ယူအတွက် ပထမ ဂိုးကိုတော့ ဘာဘာတော့ဗ် (Berbatov) က ပွဲအစ ၂ မိနစ်မှာပဲ ညာဘက်နေ ရိုင်ယန်ဂစ်စ် ပြစ်ဒဏ်ဘောကတဆင့်တင်ပေးတာကို ခေါင်းတိုက်သွင်းခဲ့လို့ မန်ယူ ပထမဂိုးရသွားပါတယ်။ ပထမပိုင်း ၃၁ မိနစ်မှာ ၀ိန်းရူနီ ထိုးပေးတဲ့ ဘောလုံးကို ဘာဘာတော့ဗ်က  ဆွဲပြီးသွင်းခဲ့တာကြောင့် ဒုတိယဂိုးရသွားပါတယ်။ တတိယဂိုးကိုတော့ ၀ိန်းရူနီ နဲ့ ဘာဘာတော့ဗ်တို့ အပေးအယူလုပ်ပြီးတော့ ရူနီ ညာဘက်ကနေ ဂိုးရှေ့ချပေးလိုက်တာကို ရိုင်ယန်ဂစ်စ် (Ryan Giggs) က ပိတ်သွင်းခဲ့တာကြောင့် ပထမပိုင်းမပြီးခင်လေးမှာပဲ တတိယဂိုးရသွားပါတယ်။

ဒုတိယပိုင်း ၅၃ မိနစ်မှာတော့ ရူနီထိုးပေးတဲ့ ဘောလုံးကို ရိုင်ယန်ဂစ်စ်က ဂိုးရှေ့ကို ထပ်ပြီးချပေးလိုက်တာကို ဘာဘာတော့ဗ်ပိတ်သွင်းတဲ့ ဟက်ထရစ်ရသွားပါတယ်။ ဒါဟာ ဘာဘာတော့ဗ်အတွက် ပရီမီယာလိဂ်မှာ သူဟာ ၁၇ ဂိုးမြောက်ဖြစ်ပါတယ်။ ၀ိန်းရူနီဟာ ဒီပွဲမှာ ကိုယ်တိုင်ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ၃ ဂိုးသွင်းနိုင်အောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်အသင်းဟာ  ဒီပွဲအနိုင်ရသွားတဲ့အတွက် ၂၂ ပွဲမှာ ၄၈ မှတ် နဲ့ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေပါတယ်။

This slideshow requires JavaScript.