စနေနေ့က ကစားသွားတဲ့ အင်္ဂလန်ပရီမီယာလိဂ်ပွဲတွေမှာ မန်ချက်စတာယူနိုက်တက် (Manchester United) က ဘာမင်ဟမ်စီးတီး (Birmingham City) ကို ၅ ဂိုး ဂိုးမရှိ နဲ့ နိုင်သွားပါတယ်။ မန်ယူအတွက်ဂိုးတွေကိုတော့ ဘာဘာတော့ဗ် (Berbatov) က ၃ ဂိုး၊ ရိုင်ယန်ဂစ်စ် (Ryan Giggs) နဲ့ နာနီး (Nani) တို့က၁ ဂိုးစီ သွင်းခဲ့ပါတယ်။ ဘာဘာတော့ဗ်ဟာ ဒီပွဲမှာ ဟက်ထရစ် (Hat-trick)ရသွားတဲ့အတွက် အခုဆိုရင် ပရီမီယာလိဂ်မှာ သူဟာ ၁၇ ဂိုးနဲ့ ဂိုးအများဆုံးသွင်းထားပါတယ်။

အာဆင်နယ် (Arsenal) နဲ့ ၀ီဂန် (Wigan Athletic) ပွဲမှာတော့ အာဆင်နယ်က ၃ ဂိုး ဂိုးမရှိ နဲ့ နိုင်သွားပြီး၊ ဟော်လန်တိုက်စစ်မှူး ရော်ဘင် ဗန်ပါစီ (Robin Van Persie) တစ်ယောက်ထဲက ၃ ဂိုး စလုံးသွင်းခဲ့ပါတယ်။ ဒီတပတ်မှာ လီဗာပူးလ် (Liverpool)  က ၀ုလ်ဖ် (Wolves)  ကို ၃ ဂိုး ဂိုးမရှိ နဲ့ နိုင်သွားတာကြောင့် နည်းပြသစ် ကန်နီ ဒေါဂလစ်ရှ် (Kenny Daglish) အတွက် ပရီမီယာလိဂ်မှာ ပထမဆုံးနိုင်ပွဲရသွားပါတယ်။ ဒီပွဲမှာ ဖာနန်ဒို တောရက်စ်က ၂ ဂိုး မရဲလက်စ် က ၁ ဂိုး သွင်းခဲ့ပါတယ်။ တခြားပွဲတွေမှာတော့ ဆန်းဒါးလန်းက ဘလက်ပူးလ် ကို ၂ ဂိုး ၁ ဂိုး၊ ဖူးလ်ဟမ်း (Fulham United) က စတုတ်ခ်စီးတီး (Stoke City) ကို ၂ ဂိုး ဂိုးမရှိ နဲ့ နိုင်ပြီး တော့တင်ဟမ် ဟော့စပါး (Tottenham Hotspur) နဲ့ နယူးကာဆယ် (Newcastle United) က ၁ ဂိုး ၁ ဂိုး၊ အဲဗာတန် (Everton) နဲ့ ၀က်စ်ဟမ်း (West Ham United) တို့ ၂ ဂိုး စီ သရေကျသွားပါတယ်။

အခုဆိုရင် မန်ယူက ၂၂ ပွဲမှာ ၄၈ မှတ်၊ အာဆင်နယ်က ၂၃ ပွဲမှာ ၄၆ မှတ်၊  ချယ်ဆီးက ၂၂ပွဲမှာ ၃၈ ၊ တော့တင်ဟမ်က ၂၃ ပွဲမှာ ၃၈ မှတ် ရထားပါတယ်။